မအူပင်မြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မအူပင်  ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခမ်းအနားကို မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားသို့ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံဒေါက်တာခင်မာစိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ မအူပင်ခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးက လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာခင်မာစိုးက ခုခံအားကျဆင်းမှု ကူးစက်ရောဂါအား ကမ္ဘာတစ်ဝန်းတွင် တိုက်ဖျက်နိုင်ရန်အတွက် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး ကူးစက် ရောဂါ မပြန့်ပွားစေရန်အတွက် ရှောင်ရှားသင့်သည်များကို ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများနှင့် ပြည်သူများအား ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သွေးစစ်ပေးခြင်း၊ အသိပညာပေးနံရံကပ် မှတ်တမ်းများပြသခြင်းတို့ကို ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)