လွိုင်ကော်မြို့၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲပြုလုပ်

လွိုင်ကော် ဇန်နဝါရီ ၁၃

ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းစပ်၍ ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေး၏စင်တာ သင်တန်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သော ဆိုင်ကယ်ပြုပြင်ရာတွင်အသုံးပြုသည့် လက်သုံးကိရိယာ(Tools Box) သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းသို့ ကယားပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇင်(ပြန်/ဆက်)