ကျောက်မဲ ဒီဇင်ဘာ ၂
ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ၌ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီမည့် ကျောက်မဲမြို့မှ ကြက်ခြေနီအဖွဲ့ဝင် ၁၀ ဦးအတွက် ဒေသခံအလှူရှင်များမှ ယနေ့အထိ ထောက်ပံ့လှူဒါန်းခဲ့သည့် ငွေကျပ် နှစ်သိန်းခြောက်သောင်းရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်မဲမြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ `လှိုင်´ ဆေးရုံ (ကိုဗစ်ကာကွယ်တားဆီးရေး) စင်တာတွင် လက်ရှိကူညီဆောင်ရွက်ပေးနေသည့် မကွေးတိုင်းကြက်ခြေနီ အသင်း၏ နေရာ၌ ဝင်ရောက် ကူညီလုပ်ဆောင်မည် ဖြစ်ပြီး ၎င်းတို့အားကျောက်မဲမြို့မှ ဦးဇော်မင်းညီ(ရတီမှန်ရွှေဆိုင်)၊ ဒေါ်အေးကြိုင်(အီးဂဲစတိုး)၊ ဦးဇော်ဝင်း(ရတီမှန်ရွှေဆိုင်)၊ ဦးဥဩ(ဝါဆိုလက်ဖက်)၊ ပွဲစားကြီး ဒေါ်မြရွှေနှင့် ဦးဟန်သူနိုင်(Football United)၊ မချိုနှင့်ညီမများ(ပန်းသီးဖိနပ်ဆိုင်)၊ မအေးအေးဖြိုး (မင်းကုန်း)၊ မစိုးစိုး စသည့် စေတနာရှင် ၁၀ ဦးတို့က ငွေကျပ် နှစ်သိန်းခြောက်သောင်း ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များတွင်ရှိသည့် ကြက်ခြေနီအသင်းသားများထဲမှ ၎င်းတို့၏ဆန္ဒအလျောက် စေတနာ့ ဝန်ထမ်းအဖြစ် (ကျောက်မဲမြို့မှ ၁၀ ဦးအပါအဝင်)စုစုပေါင်း ၃၇ ဦးသွားရောက်ကူညီမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ခွဲမှူး ဒေါ်လွေးဥမ္မာလှိုင်ထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)