ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဖြစ်သော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် အခြေအနေအကြောင်း၊ ဈေးများ၊ ပုဂ္ဂလိက အရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ လမ်းဘေးဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်စေရေးအား မြို့နယ် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် စံသတ်မှတ်ချက် များအတိုင်း ညီညွတ်မှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ဝင်ပေါက်နယ်နမိတ်အဖြစ် ပန်းတိုင် စစ်ဆေးရေးဂိတ်တွင် RDT (Test Kit) စနစ်ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများ အခြေအနေ အကြောင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန် အကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားသည့် အခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)