ဟားခါးမြို့သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါး           ဒီဇင်ဘာ         ၂

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်နေ့က  ကုန်တင်ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ သူပေါင်း (၆)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှသိရှိရသည်။

အဆိုပါ ကုန်တင်ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးသည် မန္တလေးမြို့မှ ဟားခါးမြို့သို့ ကုန်တင်ယာဉ်ဖြင့် (၂.၁၂.၂၀၂၀)ရက်နေ့က ဟားခါးမြို့အဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းဆောင်ရွက်ရာ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် သီးခြားလူနာတင်ယာဉ်ဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံသို့ပို့ဆောင်လျက် ဆေးကုသမှုခံယူစေပြီး ၄င်းနှင့်အတူ လိုက်ပါလာသည် ယာဉ်မောင်းအား ဟားခါးမြို့ Facility Quarantine သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ် ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုအခြေအနေများ အားကွင်းဆင်းကြီးကြပ်ခဲ့ကြောင်းသိရှိရသည်။

ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြု မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၁ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၁၃၈၉)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ(၂၁၆၉)ဦး၊ရောဂါပိုး တွေ့ရှိသူ(၅)ဦးရှိရာမှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ(၁)ဦးထပ်မံတွေ့ရှိရာ ရောဂါပိုးတွေ့ရှိသူဦးရေ ပေါင်း(၆)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှသိရှိရသည်။

ခရိုင်(ပြန်/ဆက်)