ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော် ဇန်နဝါရီ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ၁၇-၁-၂၀၂၅ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်  မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည်။  ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဌာနအလိုက်စီမံကိန်း လျာထားချက်များအား ပြည့်မီအောင်ဆောင်ရွက်ရေး၊  ပြည်နယ်အတွင်း စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊  MSME လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ အခွန်အကောက်များ ပြည့်မီစွာရရှိရေး ၊  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အချိုးညီညီတိုးတက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် မြို့/ရွာများ သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ထားရှိမှုများ၊ ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)