ကျောက်ပန်းတာင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာတွင် ယမန်နေ့က ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို အဆိုပါကျေးရွာရှိ ဇေယျာသီရိ မင်္ဂလာ ဓမ္မာရုံတွင် ကျင်းပရာ အသက်(၁၀၇)နှစ် အဖွားတစ်ဦး အပါအဝင် သက်ကြီးဘိုးဘွား(၃၁)ဦးတို့အား ကန်တော့ခဲ့ကြကြောင်း သိရသည်။
အဆိုပါသက်ကြီးပူဇော်ပွဲကို ဆည်ပေါက်စံပြကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးကျော်ထူးနှင့် သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် သက်ကြီး ဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြသည်။ ဆက်လက်၍ ကန်တော့ခံ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဦးကျော်ဖျန်း(ပညာရေး-ငြိမ်း)နှင့် အဖွား ဒေါ်ခင်ရွှေ တို့က ဆုံးမဩဝါဒ စကားပြောကြားကြပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသည်။
ယင်းနောက်တွင်ကျေးရွာ တာဝန်ခံဦးကျော်ထူး က သက်ကြီးပူဇော်ပွဲအတွက် ကောက်ခံရရှိသည့် အလှူငွေစာရင်းများအား ရှင်းလင်းတင်ပြပြီး၊ ကျေးရွာလူငယ်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို အဘိုး အဘွားများ လက်ဝယ်အရောက် ပေးအပ်ကန်တော့ကြသည်။ သက်ကြီးပူဇော်ပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် အသက်(၁၀၇) နှစ်ရှိ အဖွား ဒေါ်အေးသင် အပါအဝင် အသက်(၈၀)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၃၁)ဦးတို့အား ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဒုတိယအကြိမ်သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ကျေးရွာ ရပ်မိရပ်ဖများနှင့် ကန်တော့ခံ အဖိုး အဖွားများ၊ ကျေး ရွာလူငယ်များ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)