မိုင်းဖြတ်မြို့နယ်၌ တာချီလိတ်ကပြန်လာသည့် အမျိုးသမီးနှစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ


မိုင်းဖြတ်  ဒီဇင်ဘာ ၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာတွင် တာချီလိတ်မှပြန်လာသည့် အမျိုးသမီးငယ် ၂ဦးထံက ယမန်‌နေ့ ညနေ ၅နာရီခွဲအချိန်ခန့်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနက Antigen (RDT)Test Kitဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။


အဆိုပါ  အမျိုးသမီးနှစ်ဦးသည် တာချီလိတ်မြို့၊ ဝမ်ကျောက်လုံ(Sky View) စားသောက်ဆိုင်တွင် အလုပ်လုပ်သူများဖြစ်ပြီး နိုဝင်ဘာလ ၂၇ရက်နေ့က မိုင်းဖြတ်မြို့နယ်၊နမ့်လောက်ကျေးရွာ သို့ ပြန်လည် ရောက်ရှိခဲ့ပြီး နေအိမ်တွင် Home Quarantineဖြင့် နေထိုင်စေခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ဝန်ထမ်းများက Antigen (RDT)Test Kitဖြင့် ယနေ့ညနေက စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါ အမျိုးသမီးနှစ်ဦးအား ဆေးကုသမှုခံယူရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ပြည်သူ့ဆေးရုံသီးသန့်ဆောင်တွင်ထားကြောင်း သိရသည်။ ပိုးတွေ့ လူနာနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်များအား ၎င်းတို့ နေအိမ်တွင် အပြင်မထွက်စေပဲ စောင့်ကြည့်သွားမည်ဖြစ်ပြီး အခြားထိတွေ့ခဲ့သူများကို တာဝန်ရှိသူများက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။


သန်းထွန်းအေး(ပြန်/ဆက်)