ကလိန်အောင် ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပက ပိုင်ဈေးနှင့် ရေး- ထားဝယ်လမ်းမကြီးပေါ်တွင် ဖြန်သန်းသွားလာနေသောလမ်းသွားလာသူများနှင့် ကား၊ ဆိုင်ကယ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး စတေကာများကပ်ပေးခြင်း နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လိုက်လံ ကပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ကေဇာမိုးနှင့်အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့အစည်းများပူးပေါင်းပြီး ဆံတော်ရှင်ဂေါပကပိုင်ဈေးအတွင်ဈေး ရောင်းချသူများနှင့် ဈေးဝယ်လာသူများ၊ရေး- ထားဝယ်လမ်းမကြီးပေါ်တွင် ဖြန်သန်းသွားလာ နေသောလမ်းသွား လာသူများနှင့် ကား၊ ဆိုင်ကယ်များတွင် အမျိုးသမီးများအပေါ်နည်းမျိုးစုံ ဖြင့်အကြမ်းဖက်မှု ပပျောက်ရေးအတွက် "အကြမ်းဖက်မှုကို ထိရောက်စွာတုန့်ပြန်လို့ အမျိုးသမီးများကို ကာကွယ်စို့၊ "အမျိုးသမီးများကဏ္ဍမြှင့်တင်လို့ အကြမ်းဖက်မှုများ တားဆီးစို့"၊"မည်သည့် အကြမ်းဖက်မှုပုံစံကိုမဆိုဆန့်ကျင်ပါ "စသည့်အသိပညာပေးစတေကာများ ကပ်ပေးခြင်းနှင့် မည်သည့်အကြောင်းပြချက်နှင့်မျှအိမ်တွင်းအကြမ်းဖက်မှုမကျူးလွန်ရ၊ စိတ်ပိုင်း/ ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေးပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)