ပုသိမ်ကြီး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းမုခ်ဦး၊ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အထက(ပုသိမ်ကြီး)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုခ်ဦး နှင့် ကွန်ကရစ်လမ်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ ကျောင်းအုပ်ကြီးဟောင်း ဒေါ်ခင်စန္ဒာ၊ ကျောင်းအကျိုးဆောင် ဦးမျိုးဝင်းနိုင်၊ အလှူရှင် ဦးအောင်မြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ကျောင်းအဝင် မုခ်ဦးတစ်ခုနှင့် ကွန်ကရစ်လမ်းမှာ အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိပြီး၊ စုစုပေါင်း လှူဒါန်းမှုတန်ဖိုး (တစ်ရာရှစ်ဆယ့်တစ်သိန်းကိုးသောင်း) လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပရာ နဝမတန်း ကျောင်းသား/သူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ ကျောင်းအကျိုးဆောင် ဦးထွန်းခင်၊ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင် တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားပြီး အလှူရှင် ဦးအောင်မြင့် Alpha ဘိလပ်မြေ၊ မြင့်ကုမ္ပဏီ မှ ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ဖျော် ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေပြီး ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆန်း၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို