ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ဒေးဒရဲ  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့သည် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ  ဒေးဒရဲမြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အမှာစကားပြောကြား ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ငွေများကို တတ်နိုင်သမျှ လှူဒါန်းပေးပြီးဖြစ်ပါကြောင်း မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်ပါက အချက်အလက်ပြည့်စုံစွာဖြင့် တင်ပြတောင်းခံရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းများ အဓိကကျကြောင်း၊ ဒေးဒရဲတံတား စစ်ဆေးရေး ဂိတ်နှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက် ပေးလျက်ရှိသည့် Volunteer အဖွဲ့များ၊ အလှူရှင်များအား ကျေးဇူးတင် ရှိပါကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး မှန်ကန်သော သတင်းအချက် အလက်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်း များအား ပြောကြားခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးထက်မြက်အောင်က တိုင်းဒေသကြီး၏ ဝင်ပေါက်ဖြစ်သည့်  ဒေးဒရဲတံတား စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၊ Facility Quarantine Centre များ ဆောင်ရွက်ထားရှိမှု အခြေအနေ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ ထောက်ပံ့ လှူဒါန်းငွေများအား သုံးစွဲမှု၊ လက်ကျန်ငွေများအား ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ အသွားအလာကန့်သတ်ခြင်း ခံရသည့် ကွန်ပလိုင်းကျေးရွာအား အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းမှု အခြေအနေများ၊ ယာယီဆေးရုံများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအား Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက တင်ပြချက်များအပေါ် ဖြည့်စွက် ဆောင်ရွက် ရမည့်လုပ်ငန်းများအား မှာကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါသည် ရေရှည်ကိစ္စဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကိုယ့်ကိုယ်ကို မြှင့်တင်ခြင်းဖြင့်  အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)