ချောင်းသာမြို့၌ HPV ကာကွယ်ဆေး ပုံမှန်ထိုးနှံပေးခြင်းဆောင်ရွက်

ချောင်းသာ  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား HPV ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ ကြက်ခြေနီရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

"ကျွန်မတို့ ကျေးလက်ကျန်းမာရေးဌာနအနေနဲ့ အဆိုပါဆေးထိုးနှံပေးခြင်းကို ကလေးမွေးစမှ တစ်နှစ်ခွဲအတွင်း ဆေးထိုးပေး ပါတယ်၊ မွေးစမှ ၂ လအကြာမှာဆိုရင် ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ဆေးထိုးပေးတယ်၊ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေတိုက်ပါတယ်၊ အခု ၂၀၂၀ ခုနှစ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ(ရိုတာ) ဆိုပြီးတော့ တစ်ဗူးလုံးတိုက်တယ်၊ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေ အစက်၂စက်ချတယ်၊ ရရှိလာမယ့်အကျိုးကျေးဇူးများကတော့ အသည်းရောင်အသားဝါ ရောဂါ၊ ဂျပန်ဦးနှောက်ရောင်​ရောဂါ၊ ဝက်သက်ရောဂါ မဖြစ်စေရန် ကလေးမွေးစမှ တစ်နှစ်ခွဲအတွင်း ထိုးပေးတယ်၊ မွေးစမှာတစ်ခါ၊ ၂လမှတစ်ကြိမ်၊ ၄လမှာတစ်ခါထိုးပါတယ်၊ ခြောက်လမှာ တစ်ခါ၊ ကလေးကိုးလမှာ တစ်ကြိမ်၊ တစ်နှစ်ခွဲမှာ တစ်ကြိမ် ထိုးတယ်။ အခုဆိုရင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး) ထိုးတယ်၊ သားအိမ်ခေါင်းကာကွယ်ဆေးသည် အသက်ကိုးနှစ်နဲ့ဆယ်နှစ် (အမျိုးသမီးသီးသန့်) ထိုးပေးပါတယ်"ဟု ဒေါ်ရွှန်းပြည့်ပြည့်သန့် (သားဖွားဆရာမ) ရွာသစ်ကျေးလက် ကျန်းမာရေးဌာန(ခွဲ)က ပြောပါသည်။

"ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က ကိုဗစ် - ၁၉ ရောဂါနဲ့ ပိတ်ထားလို့ ဆေးခန်းတွေ နားထားရပါတယ်၊ နားထားရတဲ့အတွက် ကြားရက်တွေမှာ သွေးပေါင်ချိန်ဆိုရင်လည်း တိုးမှန်းမသိ ကျမှန်းမသိဖြစ်ပါတယ်၊ အခုလို ဆေးခန်းပြန်ဖွင့် ပေးတော့ ကလေးအနေအထားမှန်တာ မမှန်တာ တို့ကျတော့ သူတို့တွေက သေချာစမ်းသပ်ပေးတဲ့အတွက် အကုန်လုံးလည်း အဆင်ပြေပါတယ်၊ ကလေးမွေး လာတဲ့အခါမှာ ကလေးကိုယ်ပေါင်ချိန် မပြည့်တာတို့ ကလေးမွေးစာရင်းကျတော့ အခက်အခဲ ရှိတာပေါ့ အခုကျတော့ ဒီမှာလာပြီး မတည့်တာမစားရဘူး စားလို့ရှိရင် ခါတိုင်းကိုယ်ဝန် မရှိတဲ့အချိန်ဆိုရင် ကြုံရာစား လိုက်တယ်ပေါ့ စားလိုက်တယ်ဆိုရင် အကြောတင်းသွား တာတို့  အကြောတက်တာတို့ရှိတယ် ၊ ရှိတယ်ဆိုရင် ညီမတို့က ခါတိုင်းဆိုရင် အကြောလျော့ဆေး အကြောတက်တာတို့ သောက်လို့ရတယ် ၊ အခုသိတဲ့အခါကျတော့ ကိုယ်စားလိုက်တဲ့အခါ အကြောတက်မယ် အကြောတက်လို့ရှိရင် သောက်စရာဆေးမရှိဘူး၊ ကိုယ်ဝန်ဆောင်သည်ဆိုတော့ ဆေးပြင်းတွေနဲ့ မတည့်ဘူးလေ ၊ မသိခင်တုန်းကတော့ ကြုံသလိုစားတယ် ကြုံသလိုနေလိုက်တဲ့ အခါကျတော့ အကြောတင်းလည်းကိုယ်ပဲ ခံစားရတယ် ကလေးရောပေါ့နော် ၊ ဒီမှာလာပြတဲ့အခါကျတော့ ကာကွယ်ဆေးကအစ ကလေးမွေးပြီးတဲ့အထိ အကူအညီရပါတယ်၊ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ စိတ်ချရတယ်၊ ကိုယ်တစ်စုံတစ်ခုဖြစ်ခဲ့ရင် အပြင်ကို မသွားနိုင်တောင်မှ  ဆရာမတွေက ဖုန်းနံပါတ်ပေးထါးတဲ့အတွက် ဆရာမကိုအကျိုး အကြောင်းလှမ်းပြောရင် လာကြည့်ပေးတဲ့အတွက် ကျန်းမာရေးဌာနတစ်ခုလုံးကို ကျေးဇူးတင်ရှိ ပါတယ်"ဟု အမှတ် (၃) ရပ်ကွက်နေ မအေးမွန်ခိုင် (ကိုယ်ဝန် ဆောင်မိခင်)မှ ပြောပါသည်။

ယ​နေ့နံနက်ပိုင်းတွင် ကိုယ်ဝန်ဆောင် မိခင်(၂၀)ဦးနှင့် ကလေး (၁၆)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ညနေ ၄ နာရီအထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ မှစပြီး နှစ်စဉ်အခမဲ့ထိုးနှံပေးလျက်ရှိ​ကြောင်း သိရှိရပါသည်။

ချောင်းသာ(ပြန်/ဆက်)