တွန်းဇံ ဒီဇင်ဘာ ၃
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင် ဦးဆောင်လျက် ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဈေးများ၊ ဈေးဝယ်သူများနှင့် ဈေးသည်များ လမ်းသွားလမ်းလာ ဖြတ်သန်းမှုများသည့် လမ်းများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာစေရေး အသိပညာပေး ပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး သီချင်းများ ဖွင့်လှစ်ပေးပြီး Mask(500)ခုအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)