ကျုံပျော် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ် -၁၉ ပိုးတွေ့ရှိမှုအများဆုံး (၅) မြို့နယ်တွင် ပါဝင်လျက်ရှိပြီး၊ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာလျော့နည်းလာပြီး ဒီဇင်ဘာ ၂ ရက်က ပိုးတွေ့လူနာ တစ်ဦးမျှပင်မရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် မြို့နယ်တွင်း ပိုးတွေ့ရှိမှု အများဆုံးမြင့်တက်ခဲ့ပြီး၊ အချို့ ရက်များတွင် တစ်နေ့အတွင်း ပိုးတွေ့လူနာ (၃၀) ကျော်အထိ မြင့်တက်မှုများရှိခဲ့ကြောင်း၊ မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ တင်ဇော်ဝင်း၏ဦးဆောင်မှု၊ ကျန်းမာရေးဝန်ထမ်းများ ပရဟိတလူမှု အဖွဲ့အစည်းများ၏ ကြိုပမ်းကူညီ ပေးမှုတို့ကြောင့် ရောဂါထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်သဖြင့် ယခုကဲ့သို့ ပိုးတွေ့လူနာများ နည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျုံပျော်မြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း (၁၆၂၅) ဦးစစ်ဆေးပြီးဖြစ်ကာ၊ အတည်ပြုလူနာ (၁၇၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၄၄) ဦး၊ သေဆုံးလူနာ (၁) ဦးတို့ရှိခဲ့ပြီး ကျန်အတည်ပြု လူနာ (၂၀) ဦးကျော်ကို ကြပ်မတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလှူရှင်အသီးသီးကလည်း အဆိုပါ လူနာများ၊ Quarantine Centre များတွင် ဝင်ရောက်နေသူများနှင့် Volunteer များအတွက် စားသောက်ရေးကို နေ့စဉ်လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)