မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

မတူပီ  ဒီဇင်ဘာ ၃

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ၊ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်း​ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က အမှာစကားပြောကြားသည်။ အမှာစကား ပြောကြားရာတွင် “ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုမှာ (၁၀) လနီးပါးရှိပြီဖြစ်၍ ယခုလိုဆောင်ရွက်ရာမှာ ဝိုင်းဝန်းကူညီကြသော စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများပေါ် အထူးပင်ကျေးဇူး တင်ရှိ ပါကြောင်း၊ ယခုတလော မတူပီမြို့ Quarantine Center များတွင် Facility Quarantine  ဝင်ရောက်နေသူ နေ့စဉ် (၈၀) ဦး နီးပါးရှိကာ အများအားဖြင့် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသူများ ဖြစ်ကြကြောင်း၊ အထူးသဖြင့် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးမဖြစ်စေ​ရေးအတွက် ကာကွယ် ထိန်းချုပ်ရေးကို ဝိုင်းဝန်းကူညီစေလိုသော ရည်ရွယ်ချက်ဖြင့် အသင်းတော်များမှ ပါစတာများအား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်းဖြစ်ကြောင်းနှင့် ယခုလို အစည်းအဝေး စုံလင်စွာ တက်ရောက် ပေးမှုအပေါ် အထူးပင်ကျေးဇူး တင်ရှိပါကြောင်း” ထည့်သွင်းပြောကြားသည်။  ယင်းနောက် တက်ရောက် လာကြသည့် ပါစတာများက သိရှိလိုသည့် အချက်များ မေးမြန်းဆွေးနွေးမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ အသင်းတော်များမှ ပါစတာများ၊ မြို့မိမြို့ဖများ၊ MCDO အဖွဲ့၊ CYO အသင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)