လွိုင်ကော် ဒီဇင်ဘာ ၃
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၃၀၇)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁.၁၂.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂.၁၂.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၂)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၂)ဦးအနက် တစ်ဦးမှာ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာ၊ ရွှေဘောကွေ့ရပ်တွင် နေထိုင်သူ အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် အကူသူနာပြုအဖြစ် လုပ်ကိုင်သူဖြစ် ကြောင်း၊ ၎င်းသည် (၂၂-၁၁-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ အငှါးမော်တော် ယာဉ်ဖြင့်ပြန်လာခဲ့ကြောင်း၊ ၎င်းနှင့်အတူ ကားပေါ်တွင် ဒီးမော့ဆိုမြို့၊ ဒေါတမငယ်ရပ်ကွက်မှ အသက်(၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးလိုက်ပါခဲ့ကြောင်း၊ (၂၃-၁၁-၂၀၂၀)ရက်နေ့ နံနက်တွင် လွိုင်ကော်မြို့နယ်၊ ဝါရီကောခူဂိတ်သို့ရ ောက်ရှိလာရာ ပိုးတွေ့ရှိသူအမျိုးသမီးတစ်ဦးအား ရွှေလွိုင်ကော်ပရဟိတကားဖြင့် လွိုင်ကော်ပညာရေးကောလိပ် (Community Based Facility Quarantine) သို့လည်းကောင်း အမျိုးသားတစ်ဦးအား ဒီးမော့ဆိုမြို့မှ လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ပြီး ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံ(Community Based Facility Quarantine)သို့လည်းကောင်း တိုက်ရိုက်ပို့ဆောင်ပြီးQuarantine ဝင်ရောက်စေခဲ့ကြောင်း သိရသည်။
ကျန်ပိုးတွေ့လူနာတစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင်နေထိုင်သူ အသက်(၃၀)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး အဖော်(၃)ယောက်နှင့်အတူ လွိုင်ကော်မြို့တွင် အလုပ်လုပ်ကိုင်ရန် အတွက် (၂၃-၁၁-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့ သို့ထွက်ခွါလာရာ (၂၄-၁၁-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့ ဝါရီကောခူဂိတ်သို့ ရောက်ရှိပြီး ရွှေလွိုင်ကော်ပရဟိတကားဖြင့် လွိုင်ကော် ပညာရေးကောလိပ်သို့ တိုက်ရိုက်ပို့ဆောင်၍ Quarantine ဝင်ရောက်စေခဲ့ကြောင်း သိရသည်။
ပိုးတွေ့လူနာ(၂)ဦးစလုံး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး သီးသန့်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိကြောင်း ၊ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်ထိတွေ့ခဲ့သူ(၃)ဦးမှာ ဆေးစစ်ဆေးချက်အဖြေအရ ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ)ရကြောင်းနှင့် အသက်(၂၁)နှစ်အရွယ်အမျိုးသမီးနှင့် ထိတွေ့ခဲ့သူ အမျိုးသားတစ်ဦး၏ ဆေးစစ်ဆေးချက်အဖြေမှာ စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရှိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ (၂၆) ဦးရှိပြီး ဆေးရုံဆင်းနှင့် ဆေးရုံလွှဲပြောင်းသူစုစုပေါင်း (၁၇) ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)
၀၉၄၂၈၃၆၀၂၀၈