လွိုင်ကော်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ နွေနှမ်းစိုက် တောင်သူများသို့ နှမ်းမျိုးစေ့၊ ရေစုပ်စက်များပေးအပ်၊  နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ပွဲ ပြုလုပ်

လွိုင်ကော် ဇန်နဝါရီ ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ တောင်သူများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ တတိယသီးနှံနွေနှမ်း ဧက(၅၀၀)အား ရေတင်စိုက်ပျိုးမည့် တောင်သူများအား မျိုးနှမ်း၊ ရေစုပ်စက်များ ပေးအပ်ခြင်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သက်သောနှုန်းထားဖြင့် ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအား တိုးတက်စေရန် တတိယသီးနှံအဖြစ် နွေနှမ်းဧက (၅၀၀)ကို လွိုင်ကော်မြို့နယ်တွင် စံပြစိုက်ပျိုးခြင်းနှင့် နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည့် အကူအညီများ ရယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ တစ်နှစ်လျှင် ()ရာသီ စိုက်ပျိုးခြင်း၊ ရာသီအလိုက် သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်းများကို စနစ်တကျ လုပ်ဆောင်နိုင်မည်ဆိုပါက ပြည်နယ်၏ သီးနှံစိုက်စွမ်းအား တိုးတက်လာမည်ဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များလည်း တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရုံသာမကပဲ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍမှာလည်း တိုးတက်လာမည်ဖြစ်သည့်အပြင် တောင်သူများအနေဖြင့်လည်း မိမိတို့ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က သီးနှံစိုက်စွမ်းအား တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး လိုက်နာဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နွေနှမ်းစိုက်ပျိုးမည့် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောကထုကျေးရွာမှ တောင်သူများသို့ နှမ်းမျိုးစေ့နှင့် ရေစုပ် စက်(၂၀)လုံး၊ နွေစပါးစိုက်ပျိုးမည့် လွိုင်ကော်မြို့နယ်၊ လောကထု၊ သတ္တပလူ၊ မှုံပြာ၊ ရေနီကန်ကျေးရွာများနှင့် ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်၊ ကျွန်းတော၊ ဒေါပိုးစီကျေးရွာများမှ  တောင်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာ ကျေးရွာအသီးသီးမှ တောင်သူကိုယ်စားလှယ်များက လက်ခံရယူကြပြီး တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ကယားပြည်နယ်အတွင်း ယခုနှစ်တွင် နွေစပါး (၅၀၆၃)ဧကနှင့် လွိုင်ကော်မြို့နယ်၊ လောက ထုကျေးရွာ၌ နွေနှမ်း ဧက(၅၀၀)အား ရေတင်စနစ်ဖြင့် စိုက်ပျိုးရန်လျာထားပြီး တောင်သူများအနေဖြင့် အဆိုပါသီးနှံများစိုက်ပျိုးရန် စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)