ကွမ်းလုံ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအဝင် နမ့်လင်းချောင်းနှင့် သံလွင်မြစ်ဆုံရာ ပြည်ထောင်စုလမ်းမကြီးနံဘေး၌ အများပြည်သူအပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေး အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် HoLi Confluence ဟိုလီမြစ်စုံရှုခင်းသာအား ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ HoLi Confluence ဟိုလီမြစ်စုံရှုခင်းသာကို ဟိုလီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စိန်က ကိုယ်ထူကိုယ်ထ ပြုလုပ်ထားပြီး အများပြည်သူအပန်းဖြေနိုင်ရန်၊ သာယာလှပသော မြစ်စုံသဲတောင်ပြင်ရှုခင်းအား အမှတ်တရအလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန်နှင့် ကျန်းမာရေး အားကစားလေ့ကျင့်ခန်း ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားကြောင်းနှင့် ကျန်းမာရေး အားကစားပစ္စည်းများအား ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ထောက်ပံ့ပေးထားကြောင်း ဦးမောင်စိန်၏ ပြောကြားချက်အရ သိရသည်။
ကွမ်းလုံမြို့နယ်ရှိ ဟိုလီမြစ်စုံသည် သာယာလှပသော မြစ်စုံသဲတောင်ပြင်ရှုခင်းများကြောင့် ဒေသခံပြည်သူများ သာမက အခြားမြို့နယ်များကလည်း လာရောက်လည်ပတ်၍ အပန်းဖြေခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ ရေကစားခြင်းနှင့် အမှတ်တရအလှဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်နိုင်ရန် ထင်ရှားသည့်နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)