ရပ်စောက် ဒီဇင်ဘာလ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အသက်(၂)လ မှ (၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ် ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးရာတွင် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး(အိုင်ပီဗွီ)၊ ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုးရောဂါ နှင့်ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို အသက်(၂)လမှ(၁)နှစ်ခွဲအတွင်း အသက်အရွယ်အလိုက် ကလေးငယ်များကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အိသက်ခိုင်နှင့်ဝန်ထမ်းများက ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ခဲ့ကြောင်း၊ နှင့်ကလေးငယ်များ၏ မိဘများအား ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)