လွိုင်ကော် ဇန်နဝါရီ ၂၇
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်း၊ အားကစားရုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ပြည်နယ်ထွေ/အုပ် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း အချောသပ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ဝန်ထမ်းများအား စနစ်တကျနေရာချထားရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်း၊ ပင်စင်ဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အဆောက်အအုံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဌာနများအနေဖြင့် သက်ဆိုင်ရာရုံးနေရာများ၌ ပြန်လည်ဖွင့်လှစ်၍ ပုံမှန်ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်းသို့ရောက်ရှိကာ နွေရာသီကျောင်းပိတ်ကာလများတွင် အားကစားသင်တန်းများ အချိန်မီ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များ နေ့စဉ်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ရေး ကြက်တောင်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဖူဆယ်နှင့် GYM အားကစားလေ့ကျင့်ရုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ထပ်မံပြင်ဆင်ဆောင်ရွက်သွားမည့် မီတာ ၄၀၀ Synthetic ပြေးလမ်းနှင့် ပြည်နယ်ရေကူးကန်တို့၏ အခြေအနေများအား အသေးစိတ်ကြည့်ရှု စစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ရန်နှင့် အားကစားနည်းများ စုံလင်စွာဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် အားကစားလေ့ကျင့်သူများအနေဖြင့် နေ့စဉ်ပုံမှန်လာရောက်လေ့ကျင့်နိုင်ရေး၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် အားကစားလေ့ကျင့်မှု၊ သင်ကြားမှုများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက်မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (လွိုင်ကော်ဌာနခွဲ)၊ ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ခံက လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အအုံပြင်ဆင်ခြင်းအား တာဝန်ရှိသူများကမပြတ် ကြပ်မတ်ဆောင်ရွက်ရန်၊ ကျန်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် ဒြပ်ရှိ၊ ဒြပ်မဲ့ပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်လည်ပြင်ဆင်၍ ပြည်သူများလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိရန်၊ မူလလက်ရာမပျက်ပြန်လည်ပြင်ဆင်သွားရန်နှင့် သက်ဆိုင်ရာတိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီများနှင့်ချိတ်ဆက်၍ ပစ္စည်းများပြန်လည်ဖြည့်တင်းဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)