ငါးသိုင်းချောင်းမြို့ စည်ပင်သာယာဈေးများ၌ ကိုဗစ်-၁၉ ‌ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြင့် စနစ်တကျရောင်းဝယ်ရေး စစ်ဆေးဆောင်ရွက်

ငါးသိုင်းချောင်း  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ရှိ စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေးနှင့်‌အောင်ဆန်းရပ်ကွက်ဈေးတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ဈေးများ စနစ်တကျဖွင့်လှစ် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ ဈေးအဝင်/ အထွက်နေရာများ စနစ်တကျ သတ်မှတ်ခြင်း၊ ဈေးရောင်းဈေးဝယ်ပြုသူများ မျက်နှာကာနှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး စစ်ဆေးခြင်း၊ ဈေးအတွင်းတပ်ဆင်ထားသည့် လက်ဆေးဘေဇင်များ၌ စနစ်တကျလက်ဆေးရေး အစီအစဉ်များ ဆောင်ရွက်ခြင်းကို မြို့စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ‌ ဈေးများအပါအဝင်၊‌ ဈေးဆိုင်ခန်းများ၊‌ ဈေးရောင်းချ မှုများ၊ စားသောက်ဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များကိုလည်း မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး လှည့်လည်စစ်ဆေးခြင်း၊ အခြားလိုအပ်သော ရောဂါ ကြိုတင်ကွယ်ရေး လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်း၍ နေ့စဉ်အဆက်မပြတ် လှည့်လည်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း မြို့စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြားခဲ့ပါသည်။

စိုးမင်းဦး(ပြန်/ဆက်)