ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများနှင့် လူမှုရေးအသင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၃

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လှူဒါန်းပွဲတွင် အလှူရှင်မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်က အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လှူဒါန်းပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်း (၁၆) စခန်းတို့အတွက် PPE (၆၀)စုံ၊ မျက်မှန်(၃၀)ခု၊ မျက်နှာအကာ(၃၀)ခုနှင့် ခေါင်းစွပ်(၅၀၀)ခုတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့အတွက် PPE (၁၇၃)စုံ၊ ခေါင်းစွပ်(၂၆၀)ခု၊ မျက်မှန်(၁၇၃)ခု တို့ကိုလည်း ပေးအပ်လှူဒါန်းရာ မြို့နယ်လူမှုကူညီရေးအသင်းချုပ်ဉက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)