လွိုင်ကော် ဒီဇင်ဘာ ၃
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုဘဲ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက “မြန်မာနိုင်ငံအတွင်းရှိမ သန်စွမ်းသူတွေဟာ သန်စွမ်းသူများကဲ့သို့ တန်းတူအခွင့်အရေးရရှိဖို့ ၊ မသန်စွမ်းသူတွေရဲ့ဂုဏ်သိက္ခာကို အလေးထားလာစေဖို့နဲ့ နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့ရောက်တိုင်း ယခုလို အခမ်းအနားကို ဂုဏ်ပြုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်လည်ထူထောင်ရေးဦးစီးဌာနတို့မှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေကြောင်း၊ ကယားပြည်နယ်တွင် မသန်စွမ်းသူများ၏စွမ်းဆောင်နိုင်မှု ၊ ကျွမ်းကျင်မှုအရည်အသွေးတို့ကို ပိုမိုမြှင့်တင်ပေး နိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ ပြည်နယ်/ခရိုင်/မြို့နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအသီးသီး တို့ကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း နှင့် မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် ပြည်နယ်အတွင်းရှိ အစိုးရဌာနများ ၊ အဖွဲ့အစည်းများ ၊ ပြည်တွင်း ၊ ပြည်ပရှိအစိုးရမဟုတ်သောအဖွဲ့အစည်းများ ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် အတူလက်တွဲ ပူးပေါင်း၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြုဖော်ထုတ် အသိအမှတ်ပြုကာ ကြိုးပမ်းဆောင်ရွက်သွားရန် မေတ္တာရပ်ခံတိုက် တွန်းလိုကြောင်း” အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် လူမှုဝန်ထမ်းရုံး ၊ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးပြီး ပြည်နယ် လူမှုဝန်ထမ်းရုံး ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)
၀၉၄၂၈၃၆၀၂၀၈