လွိုင်ကော် ဇန်နဝါရီ ၃၀
ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လွိုင်ကော် ၊ ဒီးမော့ဆို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းသည် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ပြီး မဲပေးနိုင်ရေးရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံရေးနှင့် မြေပြင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ချိန်အမီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လုပ်ငန်းထိရောက် အောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးပြီးပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်းက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပြည်နယ်အတွင်း အတည်ပြု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရမည့်အခြေအနေများ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ စိစစ်အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက မြေပြင်ကွင်းဆင်းအဖွဲ့များအား စနစ်တကျ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး လုပ်ငန်းစီမံချက်များ အသေးစိတ်ရေးဆွဲ၍ ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားကာ လုပ်ငန်းများအောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)