ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စက်သုံးဆီအရောင်းဆိုင်များ၊ တက္ကသိုလ်ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇန်နဝါရီ ၃၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ခရီးသွားလာမှုလုံခြုံချောမွေ့စေရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေး၊ မြို့အဝင်စစ်ဆေးရေးဂိတ်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် တက္ကသိုလ်ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး၊ မီးဘေးလုံခြုံရေးစနစ်များနှင့် မီးငြှိမ်းသတ်စနစ်များ ထည့်သွင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းစနစ်များ စနစ်တကျဆောင်ရွက်ရေး၊ ဈေးအဝင်အဓိကလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ သီရိမင်္ဂလာယာယီဈေးအတွင်း ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများ စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနေမှုအား လှည့်လည်ကြည့်ရှုပြီး ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အမြဲသန့်ရှင်းနေသော ဈေးဖြစ်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး ဈေးသူ၊ ဈေးသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြော ကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့အဝင်တွင် ကုန်စည်ပို့ဆောင်ရေးယာဉ်များနှင့် ပြည်သူများဝင်ထွက်သွားလာမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများလုံခြုံစိတ်ချစွာဖြင့် လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ဥပဒေနှင့်မလွတ်ကင်းသည့် ကုန်စည်များ ဝင်ထွက်သယ်ဆောင်မှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုနှင့် သိုလှောင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေးနှင့် စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်၊ ပြည်သူများသို့ သတ်မှတ်ဈေးနှုန်းများနှင့် အချိန်အတွယ် ပြည့်မီစွာရောင်းချရေးကြပ်မတ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)ရှိ ဝန်ထမ်းအိမ်ရာများပြင်ဆင်ပြီးစီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဒုတိယပါမောက္ခချုပ်များက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား စနစ်တကျနေရာချထားပေးရေး၊ အိမ်ရာများ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)