နောင်ချို ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲရှိ စားသောက် ဆိုင်များ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်းအောင်နှင့် တာဝန်ရှိသူများက နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲ၌ ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များအား စားသောက်ဆိုင် ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့် အချက်များကို အသိပေးပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထား ရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ဒီဇင်ဘာလ(၂)ရက်နေ့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Test Kit ဖြင့် စစ်ဆေးမှုတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသော ယာဉ်မောင်းစားသောက်ခဲ့သည့် စားသောက်ဆိုင် (၁)ဆိုင် နှင့် မဘိမ်းမြို့မှ ဆီဆိုင်မြို့သို့ ပြောင်းရွှေ့သွားသော ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသော သစ်တောဝန်ထမ်းစားသောက်ခဲ့သည့် စားသောက်ဆိုင်(၁)ဆိုင်တို့အား (၁၄)ရက် ပိတ်သိမ်းရန် ကိုဗစ်-၁၉ကော်မတီမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)