ဟားခါး ဒီဇင်ဘာ ၃
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီဇင်ဘာ ၃ ရက်နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၂) ဦးတက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမှုထန်က မေးခွန်း(၇)ခုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ဟားခါးမြို့တွင်း ရေဖြန့်ဝေလိုင်းဆောင်ရွက်ခြင်း လုပ်ငန်းနှင့်ပတ်သက်ပြီး အရေးကြီး အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင်နှင့် ဒေါက်တာမှုထန်တို့က ထောက်ခံဆွေးနွေးကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် မင်းတပ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းအစား တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုပ်က ချင်းပြည်နယ်ကို သြဂဲနစ်နည်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ဓာတု ကင်းလွတ်ဇုံအဖြစ် ဖော်ဆောင်ပေးရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းသောအဆိုကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်းခိုမန်က ထောက်ခံဆွေးနွေးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းက ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လည်းကောင်း၊ ချင်းပြည်နယ် လွှတ်တော်ပြည်သူ့ငွေစာရင်းအဖွဲ့ အတွင်းရေးမှူး ဦးကွီးထန်းက ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုလည်းကောင်း လွှတ်တော်သို့ တင်သွင်းကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာကာ အစည်းအဝေး ပထမနေ့ကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရပ်နားခဲ့သည်။
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်ခွီရှိန်း၊ ပြည်နယ်(ပြန်/ဆက်)