ဟားခါး ဒီဇင်ဘာ ၃
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ရက်နေ့ မွန်းလွဲ ၁နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မသန်စွမ်းသူများ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူအခွင့်အရေးရရှိရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာအလေး ထားတတ် စေရန်နှင့် မသန်စွမ်းသူများ စိတ်ဓာတ်မြင့်မား လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်းတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူ တစ်ရပ်လုံး လက်တွဲကြိုးပမ်း ဆောင်ရွက်ပေးကြရန်များ ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ချင်းပြည်နယ် မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ရာ ဆုရရှိသူများက ဆုများ လက်ခံရယူခဲ့ကြ သည်။
ထို့နောက် ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရပန်းချီကားပြသခြင်းကို ကြည့်ရှု အားပေးကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မသန်စွမ်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ချင်းပြည်နယ်အတွင်း မသန်စွမ်းသူ (၆၁၃၀)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သန်း(၁၈၃.၉၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)