ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပန်ဆိုင်း       ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က အမှာစကားပြောကြားရာ၌ “ပန်ဆိုင်း(ကြူကုတ်) မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအာ အရှိန်အဟုန်မပျက် စနစ်တကျဆက်လက်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ်အနေ တပ်ဆင်ရေး (Mask campaign) ပြုလုပ်ဆောင်ရွက်နိုင်ရေး၊  မြို့အဝင်/အထွက်ဂိတ်များ၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုကြပ်မတ် ဆောင်ရွက်နိုင်ရေး၊ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ကားကြီးများအပါအဝင် သာမန်မော်တော်ယာဉ်များ၏ ယာဉ်မောင်းအမည် ၊ ဖုန်းနံပါတ် ၊ ယာဉ်နံပါတ်၊ ထွက်ခွာလာသည့် နေရာနှင့် သွားရောက်မည့် နေရာတို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်းထားရှိရေး၊ မြို့အဝင်အထွက်သွားလာနေသူများအား သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းနှင့် (Stay Home) ထုတ်ပြန်ထားသော နယ်မြေများမှ လာရောက်ခြင်းကို မြို့တွင်းသို့ လုံးဝ(လုံးဝ)ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အထူးကြပ်မတ် စစ်ဆေးရန်၊ ခိုးဝင်မှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့် အညီ တရားစွဲဆိုအပြစ်ပေးအရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း”  ရှင်းလင်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများမရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)