လိုင်လင်းပီ ဒီဇင်ဘာ ၃
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) လုပ်ငန်းကို လိုင်လင်းပီမြို့ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်များနှင့် မြို့တွင်းလမ်းဆုံနေရာတို့၌ ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်း အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေနေသည့် နှာခေါင်းစည်း တပ်ဆင်သူများအား နှာခေါင်းစည်းအသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြ ကြောင်း သိရသည်။
လိုင်လင်းပီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်များ၌ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ မှတ်တမ်းရေးသွင်းခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပေးသည့် ခရီးသွားထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာ မြို့နယ်များမှ လာရောက်သူများအနေဖြင့် COVID-19 Test Kit ဖြင့် (၇၂)နာရီအတွင်း စစ်ဆေးထားသည့် မှတ်တမ်း တင်ပြနိုင်မှသာ မြို့တွင်းသို့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်တီမှ သိရသည်။
ယာကမ်(ပြန်/ဆက်)