ကျိုင်းတောင်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှု မရှိစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား စည်ပင်သာယာရေးဌာနမှ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး၊ ဆိုင်ထိုင်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်သာ ပြောင်းလဲရောင်းချရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မီးအသုံးပြုပုံမေးမြန်းခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခြင်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဌာနမှ ဦးသီဟအောင်ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က လိုက်လံစစ်ဆေး အသိပေးပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)