ပုသိမ် ဒီဇင်ဘာ ၃
Mask , FaceShield နှင့် PPE ဝတ်စုံများကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ပုသိမ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးမိုးအောင် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ခရိုင်အဆင့်ရုံးများသို့ လိုက်လံပို့ဆောင် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများဖြန့်ဝေရခြင်းမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်သည့် COVID-19ရောဂါကာကွယ် ရေးသုံးပစ္စည်းများဖြစ်သည့် Mask , FaceShield နှင့် PPE များအနက် အသုံးမပြုဘဲ ပိုထွက်လာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်မြို့ ပေါ်ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများသို့ ထောက်ပံ့သည့်အတွက် ကျန်းမာရေးဦးစီးဌာနက အစီအစဉ် ဖြင့် ရုံးဌာနများအရောက် လိုက်လံပို့ဆောင်ခြင်းဖြစ်သည်။ ယင်းသို့ဖြန့်ဝေရာတွင် ဌာနတစ်ခုလျှင် PPE ဝတ်စုံနှင့် Boot/Boot Cover, Protative FaceMask, Goggle တို့ကို(၃)ခုနှုန်းနှင့်လည်းကောင်း Mask နှင့် FaceShield, Exam Glove တို့ကို ခရိုင်ရုံးများရှိ ဝန်ထမ်းတစ်ဦးလျှင် (၂)ခုနှုန်းဖြင့် လည်းကောင်း၊ Surgical Cap ကိုဌာနတစ်ခုလျှင် (၂၀)နှုန်းဖြင့်လည်းကောင်း ဖြန့်ဝေ ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများသို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူ၍ လိုက်လံပို့ဆောင်ပေးအပ်ရာတွင် ခရိုင်အဆင့် ဌာန ၃၂ ခုမှ အကြီးအကဲများနှင့် တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ခရိုင်အဆင့် အရာထမ်း၊အမှုထမ်း ၅၇၉ ဦးကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်ဟန် ၊ ပုသိမ်ခရိုင်ပြန်ဆက်