ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ပျားကျေးရွာတွင် ရေစက်ရုံ၊ အုတ်ရေကန်နှင့် ရေပိုက်လိုင်း သွယ်တန်းပေမှုကြောင့် သောက်သုံးရေများ လွယ်ကူစွာသုံးစွဲနိုင်ပြီဖြစ်

​ကျောက်ဆည် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ဘော်တောင်ဒေသ ကြက်သားဟင်း ကျေးရွာအုပ်စု၊ ပျားကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေရေးအတွက် ရေစက်ရုံ၊ အုတ်ရေကန်နှင့် ပိုက်လိုင်းများ သွယ်တန်းပေးမှုကြောင့် သောက်သုံးရေများလွယ်ကူစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ယူ၍ ငွေလုံး၊ ငွေရင်းခွင့်ပြုငွေကျပ် (၈.၂၂) သန်းဖြင့် ရေဂါလံ (၂၀၀၀) နှင့် (၁၀၀၀) ဂါလံဆန့် အုတ်ရေကန် (၂) ကန်၊ (၅ပေ×၅ပေ×၇ပေ) အကျယ် ရေစက်ရုံ (၁) ရုံနှင့် ကျေးရွာတွင်းလမ်းများတွင် (၂) လက်မရေပိုက် (၁၅၂၀) ပေ သွယ်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျားကျေးရွာတွင် အိမ်ခြေ(၃၈)အိမ်၊ လူဦးရေ(၁၇၄) ဦးနေထိုင်လျှက်ရှိပြီး တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြ ကြောင်းနှင့် ယခုအခါ ရေပေးဝေရေးလုပ်ငန်းများပြီးစီး၍ ကျေးရွာပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူသုံးစွဲ နိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)