မတ္တရာ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်းနှင့် နောက်လိုက် ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ကုန်တင်ယာဉ် ၇၀ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၃၁)ဦးအား စစ်ဆေးခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်မှ (၇)ဦး၊ ပြင်ဦးလွင် မြို့နယ်မှ(၁)ဦး၊ မတ္တရာမြို့နယ်မှ(၁)တို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာများအား မတ္တရာပြည်သူ့ဆေးရုံရှိ သီးခြားအဆောင် သီးသန့်အခန်းတွင်ထားရှိ စောင့်ကြည့်ကုသပေး သွားမည် ဖြစ်ပြီး အတူလိုက်ပါ၍ ပိုးမတွေ့ရှိခဲ့သည့် ယာဉ်မောင်းနှင့် နောက်လိုက် များမှာ ရောဂါပိုးမတွေ့ရှိခဲ့သည့်အတွက် အောင်မြေသုခ ကွာရန်တင်းစင်တာတွင် (၁၄)ရက် စောင့်ကြည့် သွားမည်ဖြစ်သည်။ မတ္တရာမြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့ ယနေ့အထိ ယာဉ်မောင်းနှင့် နောက်လိုက် ၆၃၅၅ ဦးအား စစ်ဆေးခဲ့ရာ ၂၄ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)