တန့်ယန်းမြို့နယ်တွင် KG - ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများကျွေးမွေးခြင်း ဆောင်ရွက်

တန့်ယန်း ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဌာနခွဲ၏ KG - ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးနိုင်စေရေးအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးပြုစုခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အာဟာရကျွေးမွေးပြုစုခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဆောင်ရွက်နေရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ကျောင်းကျန်းမာရေးနှင့် အာဟာရဌာနခွဲမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)