ဟိုပုံး ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာရှိ အောင်သာယာစာကြည့်တိုက်နှင့် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည် စာကြည့်တိုက်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ၊ အောင်သာယာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်လွင်တို့က ပေါင်လင်းကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာရှိ အောင်သာယာစာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျပြုစုတည်ဆောက်ရမှာဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်လမ်းညွှန်ထားပကြောင်း၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသားကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များဖြည့်ဆည်းပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်အသစ်ဆောက်လုပ်ခြင်းအနေဖြင့် (၃၂)တိုက်ကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောက်လုပ်ဆောင်ရွက်နေလျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ စာကြည့်တိုက်အသစ်(၂)တိုက် ဆောက်လုပ်ခွင့်ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ချမှတ်ထားသည့် လုပ်ငန်းစဉ်၏ ဒုတိယအချက်အရ ဒီကနေ့မှာပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာ "အောင်သာယာ" စာကြည့်တိုက်ကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်ပြီးဖြစ်သဖြင့် အဆောက်အဦအား ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ စာကြည့်တိုက်အတွက် လိုအပ်သည့် စာအုပ်စာစောင်များထပ်မံဖြည့်တင်းခြင်း၊ စာကြည့်တိုက်ကို အကျိုးရှိအောင် အသုံးချခြင်းဖြင့် အသိပညာဗဟုသုတများစွာ ရရှိနိုင်သောကြောင့် ကျေးလက်နေပြည်သူများ အနေဖြင့်လည်း စာအုပ်စာပေကိုခင်တွယ်ပြီး တန်ဖိုးထားဖတ်ရှုကြရန်လိုအပ်ပကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကိုမှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာမှာဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်အရ ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကျွန်တော်တို့အားလုံး စာအုပ်၊ စာပေတွေကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာနေကြရမှာဖြစ်ပြီး မိမိကျေးရွာဒေသမှာရှိတဲ့ လူငယ်၊ လူရွယ်များကိုလည်း စာဖတ်သည့် အလေ့ကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးကာ အနာဂတ်မှာ နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်အတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းကို စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌကိုလည်းကောင်း၊ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ မိသားစုမှ စာကြည့်တိုက်မှူး ဦးခွန်ဇော်ထူးကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဒေါ်နန်းညိုလှကိုလည်းကောင်း၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က ဘင်ခရာတပ်ဖွဲ့အား ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တာဝန်ရှိသူများက စာကြည့်တိုက်အဆောက်အဦသစ်အား လှည်လည်ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည်တိုက် အဆောက်အဦသစ်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးထွန်းငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်အတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းကို စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌကိုလည်းကောင်း၊ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ မိသားစုမှစာကြည့်တိုက်မှူး စိုင်းဟန်ညိုကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က စာကြည့်တိုက်မှူး စိုင်းဟန်ညိုကိုလည်းကောင်း၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က ဘင်ခရာတပ်ဖွဲ့အားချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဝင် ဦးခွန်ပန်းအောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တာဝန်ရှိသူများက စာကြည့်တိုက်အဆောက်အဦသစ်အား လှည်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာရှိ အောင်သာယာစာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံဖြိုးတိုး တက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကခွဲဝေပေးသည့် ငွေကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူလူထုငွေ ကျပ်သိန်း(၁၅၀)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေကျပ်သိန်း (၁၅၀)နှင့် ပြည်သူလူထုမှထည့်ဝင်ငွေ ကျပ်သိန်း(၃၀၀) အလျား(၆၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့်(၁၂)ပေရှိ တစ်ထပ်အုတ်ညှပ်အဆောက်အဦးဖြစ်ပြီး စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း(၁၅၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေကျပ်သိန်း(၁၅၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း (၂၅၀)အလျား(၅၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့် ၁၂ ပေ တစ်ထပ်အုတ်ညှပ် အဆောက်အဦးဖြစ်ကြောင်း သိရသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စအွန် ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)