ဆီဆိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအဆိုပြုချက်လုပ်ငန်းများ လျာထားတင်ပြနိုင်ရေးအတွက် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကျင်းပ

ဆီဆိုင်    ဒီဇင်ဘာ    

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးအဆိုပြုချက် လုပ်ငန်းများ လျာထားတင်ပြနိုင်ရေးအတွက်  လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများတို့က ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ မြို့နယ်အတွက်၊ ပြည်သူ့အတွက် အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လျာထားတင်ပြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ  ပြည်သူ့ဆန္ဒ၊ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ အလိုက် အဆိုပြုလုပ်ငန်းလျာထားစာရင်းများကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများက အဓိကဆောင်ရွက်ရတာဖြစ်လို့ ပြည်သူများ လူမူဘဝဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ ဟုနိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ခွန်ရဲထွေး(ဆီဆိုင်)