ကြံခင်းမြို့၌ စဉ်ဆက်ပညာရေး (မြို့နယ်ဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်း​​ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.ထ.က(၁) အောင်ကျော်ခန်းမ၌ စာဖတ်ဝိုင်းများမှတဆင့် စာဖတ်ရှိန်မြှင့်မားရေး၊ ဝင်ငွေတိုးရေးနှင့် ဘဝသာယာရေးအတွက် ယမန်နေ့နံနက် (၉) နာရီက စဉ်ဆက်ပညာရေး(မြို့နယ်ဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် သင်တန်းသားများ တက်‌ရောက်ကြသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် စာတတ်မြောက်ရေးအတွက် ဆောင်ရွက်သွားရမည့် ကျောင်းပြင်ပ ပညာရေးကဏ္ဍ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတို့ကို ဦးတည်အုပ်စုများချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြံခင်းမြို့နယ်အတွင်း ကျေးရွာရပ်ကွက်(၁၄)ခု၌ စာဖတ်ဝိုင်း (၁၆)ဝိုင်းဖြင့် သင်ကြားနိုင်ရေးအတွက် ယခုလိုစဥ်ဆက်ပညာရေး (မြို့နယ်ဆင့်) ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အသက်(၁၅)နှစ်အထက် စာပေသင်ကြားရတဲ့အတွက် ကုသိုလ်အပြင်၊ တိုင်းပြည်အကျိုးကို တစ်ဖက်တစ်လမ်းမှ ကူညီရာ ရောက်ကြောင်း၊ ကလေးငယ်များ အခြေခံပညာကို တတ်မြောက်ပါက အမှား/ အမှန်ကို ခွဲခြားတတ် လာမည့်၊ အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမ များအနေဖြင့် ကြိုစားသင်ယူကြပြီး ပြန်လည်ပို့ချပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ (၃)ရက်နေ့မှ (၅) ရက်နေ့အထိ သင်တန်းနည်းပြ(၇) ဦး၊ ကြီးကြပ် (၂)ဦးတို့မှ သင်တန်းသား (၁၆)ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)