အင်္ဂပူမြို့တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

အင်္ဂပူ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ.ထ.က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်နှင့် ပညာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီးသင်တန်းတွင် စဉ်ဆက်ပညာရေးအကြောင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနှင့် ချိတ်ဆက်ရန်နည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်များ စသည့်ဘာသာရပ်များအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)