ချမ်းအေးသာစံမြို့နယ်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ကျင်းပ

ချမ်အေးသာစံ ဖေဖော်ဝါရီ ၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့သတ္တမအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြားရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ အောင်မြေသာစံမြို့နယ်၊ စက်ဝန်မင်းကျောင်းဆရာတော် ဘဒ္ဒန္တပညေသိက၊ အကျိုးတော်ဆောင် ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကါရ၊ အဖွဲ့ဝင် ချမ်းအေးသာစံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက် သုံးထပ်စာချကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသည့် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော် ၄၂ ပါး ကြွရောက်တော်မူကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးအေးလင်းထွန်း၊ အဖွဲ့ဝင် ၂ ဦးဇော်ဖေ၊ ခရိုင်သာသနာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  မြို့နယ်သာသနာရေးမှူးကိုယ်စား မြို့နယ်လဝကမှ လဝကမှူး ဦးမြင့်ထူးတို့နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အိမ်တော်ရာစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပထမပိုင်း အစီအစဉ်အဖြစ် စက်ဝန်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တပညေသိကအား အစည်းအဝေး သဘာပတိအဖြစ် တင်မြှောက်တော်မူပြီး အစည်းအဝေးအား “နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ကာ ဘဒ္ဒန္တပညေသိကမှ အစည်းအဝေးဖွင့် ဩဝါဒကထာ မိန့်ကြားခဲ့ကြောင်း၊ ထို့နောက်  မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ၂ ပါး အနားယူကြောင်း ကြေညာပြီး သဘာပတိဆရာတော်မှ နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ပထမပိုင်း အစည်းအဝေး ပြီးစီးခဲ့သည်။

၎င်းနောက် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်များအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးဖွင့်လှစ်ပြီး သဘာပတိဆရာတော်မှ အစည်းအဝေးဖွင့် ဩဝါဒကထာမြွက်ကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် အနားယူသွားသည့် မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် ၂ ပါးအား သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၏ အဆိုပြုထောက်ခံမှုဖြင့် ရတနာပုဂံတိုက်၊ စိန်ရွှေရတနာကျောင်း ဆရာတော် ဘဒ္ဒန္တပညာနန္ဒနှင့် မဟာမြိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒတို့အား ရွေးချယ်တင်မြှောက်ခဲ့ပြီး သဘာပတိဆရာတော်မှ အစားထိုး ရွေးချယ်ခံရသည့် မြို့နယ်သံဃနာယကဆရာတော် ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်း၍ သာဓုသုံးကြိမ်ခေါ်ဆို အတည်ပြုခဲ့သည်။ ၎င်းနောက် သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍  အစည်းအဝေး ပြီးစီးခဲ့ကြောင်း၊ ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား တာဝန်ရှိသူများမှ သင်္ကန်းဒွိစုံနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ဩဝါဒါစရိယ ဇေယျသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒမှ ဩဝါဒကထာချီးမြှင့်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက် သုံးထပ်စာချကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရမှ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ပြီး ကြွရောက်လာသည့် အဖွဲ့ဝင်ဆရာတော်များမှ အထွေထွေကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ရာ တင်ပြချက်များအပေါ် ဥက္ကဋ္ဌဆရာတော်မှ ပြန်လည်ရှင်းလင်းမိန့်ကြား၍ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို အစည်းအဝေး ရုပ်သိမ်းကာ တက်ရောက်လာသည့် ဆရာတော်သံဃာတော်များအား သင်္ကန်းဒွိစုံနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)