မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း

မိုင်းပျဉ်း ဖေဖော်ဝါရီ   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် မိုင်းပျဉ်းမြို့တွင်း လမ်းမကြီးတစ်လျှောက်နှင့် မိုင်းပျဉ်း−မက်မန်းလမ်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် မိုင်းပျဉ်းမြို့ဝင်/မြို့ထွက်၊ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် မိုင်းပျဉ်း−မက်မန်းလမ်းတို့တွင် အန္တရာယ်သတိပေးခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ စိုက်ထူထားမှုအခြေအနေ၊ စိုက်ထူရခြင်း၏ရည်ရွယ်ချက်များ၊ လမ်းညွှန်အမှတ်အသားများနှင့် အချက်ပြများရေးဆွဲစိုက်ထူရာ၌ ပြည့်စုံရမည့်အခြေခံအချက်များနှင့် လိုက်နာရမည့်စည်းကမ်းများကို လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သူဇာခိုင်ကလည်းကောင်း၊ မြို့တွင်းသန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးကလည်းကောင်း၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေများအား မြို့မစခန်းမှူးကလည်းကောင်း လိုက်ပါရှင်းလင်းတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)