ပုသိမ်ကြီး မြို့မရဲစခန်း၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မြို့မရဲစခန်းတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါစခန်းအတွင်း ဆောင်ရွက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်ခိုင်ကျော်၊ မြို့မရဲစခန်းမှူး ဝင်းထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက ဂက်(စ်)မီး၊ ဆီမီးတို့ကို လက်တွေ့ငြှိမ်းသတ်ခြင်းများ ပြသပေးခဲ့ပြီး၊ မြို့မရဲစခန်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တပ်ဖွဲ့ဝင် မိသားစုများအား လက်တွေ့ပါဝင်စမ်းသပ် မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်စေခဲ့ပြီး၊ စခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုဖြစ်စဥ်များ၊ သဘာဝဘေး၊ တောမီး၊ EV (ကား) မီးလောင်မှုများအကြောင်း စသည်တို့အား အသိပညာပေး ဟောပြောခဲ့ပြီး၊ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို