ကျောက်ပန်းတောင်းမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မီးလောင်/ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေး တို့အတွက် ကျောင်းအခြေပြု စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဖေဖော်ဝါရီ (၃) ရက်နေ့ နံနက် (၁၀) နာရီမှစတင်၍ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်းနှင့် ပုပ္ပား လက်ပံပျား အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်က သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမမကြီးများနှင့် ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပွင့်လင်းရာသီကာလ ရောက်ရရှိလာပြီဖြစ်၍ အခြေခံပညာစာသင်ကျောင်းများ မီးလောင်မှု/မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် ကျောင်းအခြေပြုစစ်ဆေးခြင်း အသိပညာပေးခြင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားသင့်သည့်အချက်များ၊ မီးလောင်လွယ်ကူသည့် အမှိုက်သရိုက်များနှင့် ပစ္စည်းများကို ရှင်းလင်းဖယ်ရှားထားရေး၊ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့် ရေ/ သဲမှစ၍ အထောက်အကူပြု ပစ္စည်းများ စုံလင်အောင်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းဆောင်များရှိ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှုများ၊ လျှပ်စစ်မိန်းခုံများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် သဲ၊ ရေ၊ လှေကား၊ မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိမှုနှင့် ရေကန်များအတွင်း ရေလုံလောက်စွာ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အကြံပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျောင်းအခြေပြု စစ်ဆေးပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၅ဦး၊ အရန်မီးသတ် (၅) ဦးတို့နှင့်အတူ၊ မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာအထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် ပုပ္ပား၊ လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းများ ပါဝင်ခဲ့ကြပြီး၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)