မဟာမြတ်မုနိဘုရားကြီး ၆၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (ပဉ္စမ)အကြိမ် ဓမ္မသဘင်တရားပူဇော်ပွဲ ကျင်းပသွားမည်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄

မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၏ ၆၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့) နံနက် ၆ နာရီတွင် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အပါး ၁၅၀၀ တို့အား စာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီးလောင်းလှူပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းသွားမည်ဖြစ်ပြီး (ပဉ္စမ) အကြိမ် ဓမ္မသဘင်တရားပူဇော်ပွဲကို မဟာမုနိဘုရားကြီး၊ နာရီစင်အနီး၊ နိဗ္ဗာန်လမ်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ထံက သိရသည်။

မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဓမ္မသဘင် တရားပူဇော်ပွဲအနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသနှင့် ဖေဖော်ဝါရီ ၈၊ ၉ ရက်နေ့များတွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဆရာတော်ကြီးများ၏ ဓမ္မသဘင်တရားပူဇော်ပွဲများကို ညနေ ၅ နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့) နံနက် ၆နာရီ တွင် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အပါး ၁၅၀၀ အား စာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီးလောင်းလှူပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းသွားမည်ဖြစ်ရာ အလှူရှင်များအနေဖြင့် မဟာမြတ်မုနိဘုရားရင်ပြင်တော်ရှိ ပွဲတော်အလှူခံမဏ္ဍပ်တွင် ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခြင်းပြိုင်ပွဲနှင့် အလှခတ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။     

ထွန်းထွန်းနိုင်