(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာမူလတန်းကျောင်း(ကျောက်စု) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာမူလတန်းကျောင်း(ကျောက်စု) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ကျောက်စုကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(ကျောက်စု) RCC(၂)ထပ်ကျောင်းဆောင်သစ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ကျောက်စု)ရှိ ကျောင်းခန်းမအတွင်း၌ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် "ပညာရေးသည်နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ် မြစ်ဖြစ်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်တဲ့နေရာမှာ လူသားအရင်း အမြစ်များဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များလိုအပ်ပါကြောင်း၊ ထို့ကြောင့်လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကိုအဓိကဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကျောင်းသားလူငယ်များရဲ့ သင်ယူမှုအခွင့်အလမ်းများ အပြည့်အဝရရှိအောင်မိဘပြည်သူများကလည်း မိမိတတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ကြရန်၊ ဆရာ/ ဆရာမများအနေနဲ့လည်း အတန်းစဉ်တိုင်းမှာ အရည်အသွေးပြည့်ဝတဲ့တပည့်များ ဖြစ်ပေါ်လာအောင် အထူးဂရုစိုက်သင်ကြားပြသပေးသွားရမှာဖြစ်တဲ့အပြင် ကျောင်းသား/ကျောင်းသူများကို မှန်ကန်တဲ့အတွေးအခေါ်ရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ လူတော်လူကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် ပိုမိုကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း" ပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မြင့်ကမ္ဘာသိန်းကုမ္ဗဏီမှ တာဝန်ခံက ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)