မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း အရှိန်မြှင့်တင် ဆောင်ရွက်

 မိုင်းခတ် ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူးပေါင်း၍ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

မိုင်းခတ်မြို့နယ်အတွင်းသို့ ပြည်ပမှပြန်လည်ရောက်ရှိလာသူများရှိပါက အချိန်နှင့်တစ်ပြေးညီ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ကြရန်၊ လတ်တလောကာလတွင် တာချီလိတ်မြို့၊ ကျိုင်းတုံမြို့နှင့်အခြားမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိမှု ရှိခြင်းကြောင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုအသိပညာပေးခြင်းနှင့်လိုက်နာမှုမရှိပါက သတ်မှတ်ထားသည့် စည်ကမ်းများနှင့်အညီ အရေးယူခြင်း၊ လူစုလူဝေးများမပြုလုပ်ကြရန်၊ လက်များကို စနစ်တကျ မကြာခဏဆေးကြရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် သာ ရောင်းချကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူလူထုများ အားလုံး ပူးပေါင်းပါဝင်ပြီး မိမိမြို့နယ်/ကျေးရွာအတွင်း ရောဂါသံသယလူနာရှိလာပါက Home Quarantine ထားရှိပြီး အသွားအလာကန့်သတ်နေရာ (Facility Quarantine)လည်း ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)