ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ကျောက်ဆည်)တွင် ဧက (၂၀) စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်စနစ်ဖြစ် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် နေရာဒေသအလိုက် သီးနှံမျိုးစုံ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်းနှင့် သီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ရေးနှင့်ကုန်ကျမှုသက်သာစေရေး မြေဆီမြေဩဇာကောင်းမွန်သည့် ပိုက်ဆံလျှော်များ ပိုမိုစိုက်ပျိုးအသုံးပြုလာကြကြောင်း သိရပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကျောက်ဆည်) တွင် ဧက (၂၀) အကျယ် စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမည်ဆိုပါက အပင်ဖြစ်ထွန်းချိန်တွင် အေးသောရာသီဥတုနှင့် တွေ့ကာ အသီးအပွင့်အင်္ဂါများ ဖြစ်ထွန်း၍ အောင်မြင်သည့် အစေ့အဆံများရရှိစေရန်အတွက် အောက်တိုဘာလ၌ စိုက်ပျိုးခြင်းသည် အကောင်ဆုံအချိန်ဖြစ်ပြီး တစ်ဧကတွင် အပင်ရေ (၄၁၈၁၆) ပင် ဝင်ဆန့်ရန်အတွက် မျိုးစေ့ (၂) ပြည်အသုံးပြုရပြီး ပင်ကြား၊ တန်းကြားအနေဖြင့် (၂.၅x၁)ပေ စိုက်ပျိုးကြောင်း၊ အပင်သက်တမ်း (၁၀) သားအရွယ်အရောက်တွင် စိုက်ကျင်းတစ်ကျင်း၌ သန်မာသည့်အပင် (၂) ချန်၍ သားခွဲရကြောင်း၊ အပင်ငယ်ချိန်တွင် ကြားထွန်ဝင်ခြင်း၊ ပေါင်းရှင်းခြင်းနှင့် အပွင်ဝင်ချိန်တွင် ပိုးသတ်ဆေးများ ဖျန်းပေးရပြီ အဖိုပင်များ တွေ့ရှိပါက နှုတ်ပစ်ရကြောင်း သိရသည်။

ရိတ်သိမ်းခြင်းအနေဖြင့် အပင်သက်တမ်း (၅) လတွင် သီးတောင့်များဖောင်းတင်းလာပြီး အသီးကိုင်းအား လှုပ်ရမ်းကြည့်ပါက အသံမည်လာချိန်တွင် ရိတ်သိမ်းပါက အကောင်းဆုံးအချိန်ဖြစ်ပြီး မျိုးစေ့များကို နွားဖြင့် နင်းချေကာ ပြာလှေ့ခြင်း၊ ခြွေလှေ့စက်ဖြင့် ခြွေလှေ့ခြင်းတို့ဖြင့် ပြုလုပ်၍ ရရှိလာသော မျိုးစေ့များကို အခြားသီးနှံ မျိုးစေ့များကဲ့သို့ သိုလှောင်ထား၍ရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်