မအူပင်မြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးဆက်စပ်ပစ္စည်းများ ပေးအပ်ခဲ့သည်။ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း၌ စဉ်ဆက်ပညာရေးအကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ ဘဝမြှင့်တင်မှုနည်းလမ်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်များစသည့် ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၁၀၈၂)ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၇၂)ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ(၇)ဦး၊ စာသင်ဝိုင်း (၇၂)ဝိုင်းဖြင့် ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့ထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)