ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဒေးဒရဲ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မိချောင်းအိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူများထံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း