မြောင်းမြ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အ.ထ.က(ခွဲ) ဆင်ကူးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က စာပေဟောပြောပွဲနှင့် ပြပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြီးဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရောမြေ)က "ပြည်ထောင်စုကို ချစ်မြတ်နိုးသည် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြောင်းမြမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးထက်ဝေကျော် (လရောင်လင်း-မြန်မာ့ဂုဏ်ရည်) က "ပြည်ထောင်စုနှင့်လူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အ.ထ.က (ခွဲ) ဆင်ကူးကျောင်းမှ ဆရာဦးအေးမင်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)